Wednesday, April 1, 2015

ရွှေတိဂုံစေတီတော်ကြီးကို ကာကွယ်ခြင်းဖြင့် ပူဇော်ကြပါစို့




အယ်ဒီတာခင်ဗျာ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် သိင်္ဂုတ္တရကုန်းတော် တွင်တည်ရှိသော
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ မြန်မာနိုင်ငံသားများ အတွက် အထွတ်အမြတ်ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့်စေတီ တော်မြတ်ကြီးဖြစ်သည်။ မြန်မာ လူမျိုးဗုဒ္ဓဘာသာဝင်များအနေ ဖြင့် စေတီတော်ကြီးတွင် ဤဘဒ္ဒ ကမ္ဘာ၌ ပွင့်တော်မူပြီးခဲ့သော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဘုရားလေးဆူ၏ ဓာတ် တော်မွေတော်များကိန်းအောင်း လျက်ရှိသည်ဟု


ယုံကြည်သက် ဝင်၍ လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီးဟုခေါ်ဆို ပူဇော်ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က ရှေးမြန်မာဗိသုကာ များတည်ထားခဲ့သော စေတီ တော်မြတ်ကြီး၏ဗိသုကာဟန်မှာ မြန်မာလူမျိုးများအတွက်သာမက ယနေ့ကမ္ဘာတွင် ကမ္ဘာ့ယဉ်ကျေး မှုအမွေအနှစ်အဖြစ် ထိန်းသိမ်း ရန် အဆင့်အတန်းဝင်သည့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပါသည်။ စေတီတော်ကြီးသည် ဉာဏ် တော် ၃၂၆ ပေအမြင့် မြှင့်တင် ခဲ့သည့် ၁၇၇၄ မှ ၂၀ ရာစုနှောင်း ပိုင်း မိုးကြိုးလွှဲစတင်တပ်ဆင်ခဲ့ သော အချိန်ကာလအထိ မိုးကြိုး ဒဏ်မခံရစေရန် ရှေးမြန်မာဗိသု ကာများ စီမံထားရှိမှုမှာလည်း အံ့ဖွယ်ရာဖြစ်ပါသည်။ ရွှေတိဂုံ စေတီတော်ကြီးမိုးကြိုးလွှဲတပ် ဆင်ရာတွင်ပါဝင်ခဲ့သော အင်ဂျင် နီယာတစ်ဦး၏သုံးသပ်ချက်အရ စေတီတော်ကြီးပြန်လည်ပြုပြင် ရန်၊ စေတီတော်ကြီး၏ကြံ့ခိုင်မှု ကိုသိရှိရန် စမ်းသပ်မှုတစ်ခုအရ ငှက်ပျောဖူးအတွင်းမှရရှိသော အရာ(သရွတ်)မှာ စေးကပ်၍ ယင်းနေ့အထိ စွတ်စိုလျက်ရှိနေ ကြောင်းနှင့် ထီးတော်မှသံချောင်း အား ထိုငှက်ပျောဖူးရောက်သည့် တိုင်စိုက်၍ မိုးကြိုးဒဏ်မှကာ ကွယ်ထားရှိပုံရကြောင်းသိမှတ် ရပါသည်။ ရွှေတိဂုံစေတီတော်မြတ် ကြီး၏ ငှက်မြတ်နားတော်အား တည်ထားတပ်ဆင်ရာတွင်လည်း လေဒဏ်ကိုခံနိုင်စေရန် အသေ တပ်ဆင်ထားခြင်းမပြုဘဲ လေ တိုက်သည့်အခါ လှုပ်နေစေပြီး ပြုတ်မကျစေရန် စီမံထားရှိခဲ့မှုမှာ ရှေးမြန်မာဗိသုကာများက သဘာ ဝဒဏ်ကို သဘာဝနိယာမများ အတိုင်း ရိုးရှင်းစွာဖြေရှင်းတည် ဆောက်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့သော ရှေးယခင်မြန်မာဗိသုကာများ၏ သဘာဝတရားအား အခြေခံကာ တွက်ချက်ချိန်ဆမှုများမှာ ချီးကျူး ဖွယ်ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်ကြီး ပတ်ဝန်းကျင်ကို ပြန်ပြောင်းလေ့လာကြည့်ပါကလည်း ရှင်စောပုဘုရင်မကြီး လက်ထက်တွင် ဘုရားအားပူဇော်ရန်ထားရှိသော မြေမှာ အလွန်တရာကျယ်ဝန်းလှ ပြီး ဓမ္မစေတီမင်းလက်ထက်၌ပင် ချန်၍ထားရှိသောမြေမှာအရှေ့ ဘက်တွင် ငမိုးရိပ်ချောင်း၊ မြောက်ဘက်တွင် မင်္ဂလာဒုံ၊ အနောက် ဘက်တွင် လှိုင်မြစ်နှင့် တောင် ဘက်တွင် ရန်ကုန်မြစ်အထိ ကျယ်ဝန်းလှကြောင်း သိရှိရသည်။ အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းယူအပြီးတွင်လည်း အလံပြဘုရားတည်ရှိရာ စစ်ရေးအရအရေးပါသော သိင်္ဂုတ္တရကုန်းကို ဘုရားလူကြီးများထံမှ လွှဲယူခဲ့ပါသည်။ ထိုသို့ ခေတ်များပြောင်းလဲလာသည်နှင့်အမျှ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘုရားပရဝဏ်မြေမှာ တဖြည်းဖြည်းကျုံ့၍လာခဲ့သော်လည်း ယင်းအချိန်က ရန်ကုန်မြို့တိုးချဲ့ရာတွင် ရွှေတိဂုံစေတီတော်ကြီးအနီးတစ်ဝိုက်တွင် တိုးချဲ့ခြင်းမရှိဘဲ နဂိုမူလအတိုင်း ထားရှိခဲ့သဖြင့် သိင်္ဂုတ္တရကုန်းတော်မှာ သဘာဝအတိုင်းတည်ရှိနေနိုင်ခဲ့ပါသည်။ ဤကဲ့သို့ ကိုးကွယ်ပူဇော် လာခဲ့ကြသော ရွှေတိဂုံစေတီ တော်မြတ်ကြီးမှာ ယနေ့အခါ သမယတွင် စနစ်တကျစီမံကွပ် ကဲမှု (Town Planning Controls) မရှိဘဲ ဖွံ့ဖြိုးနေသော ရန်ကုန်မြို့ ရှိလူနေ အဆောက်အအုံများ၊ စီးပွားရေးအဆောက်အအုံများ ကြားတွင် အကာအကွယ်မဲ့စွာ တည်ရှိနေသည်။ စနစ်တကျစီမံ ကွပ်ကဲမှုမရှိဘဲ ပရမ်းပတာ ပြောင်းလဲတိုးတက်နေမှုများ၏ဂယက်မှာ ရွှေတိဂုံစေတီတော်ကြီးရေရှည်တည်တံ့နိုင်ရန်ကိုပင်ခြိမ်းခြောက်လျက် ရှိနေပြီဖြစ် သည်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှသတ်မှတ်ထားသော ရွှေတိဂုံစေတီ တော်အတွက် ကာကွယ်ထိန်း သိမ်းထားသည့် ဇုန်ဧရိယာ (အရှေ့သို့လားသော် အရှေ့ ဘက်စောင်းတန်းရှိ အာဇာနည် လမ်း၊ အနောက်ဘက်သို့လား သော် ဦးဝိစာရလမ်း၊ တောင် ဘက်သို့လားသော် ကန်တော် မင်္ဂလာကားလမ်း၊ မြောက်သို့ လားသော် အာဇာနည်လမ်း)မှာ မလုံလောက်ရုံမျှမက ဇုန်အဖြစ် သတ်မှတ်ထားရုံဖြင့် ထိန်းသိမ်း နိုင်တော့မည်မဟုတ်ပါ။ အခြားဖွံ့ဖြိုးပြီးနိုင်ငံများ တွင် ရွှေတိဂုံစေတီတော်ကြီး လောက်မျှပင် သမိုင်းမရှိသော၊ ယဉ်ကျေးမှုမမြင့်မားသော အဆောက်အအုံများ၊ အထင်ကရနေရာများကို နိုင်ငံ့အမွေအနှစ်အဖြစ်ရေရှည်ထိန်းသိမ်းနိုင်ရန် ယင်း အဆောက်အအုံများ၏တည်ဆောက်ပုံ၊ နောက်ခံသမိုင်းနှင့် လူအများတန်ဖိုးထားရှိပုံ၊ အသုံးပြုပုံသမိုင်း အစရှိသည်တို့ကို လေ့လာ၍ Conservation Management Plan ထိန်းသိမ်း မှုအစီအမံများရေးဆွဲကာ စနစ် တကျထိန်းသိမ်းကြကြောင်း တွေ့ရှိရပါသည်။ ရှေးမြန်မာများလက်ထက် က စေတီ၊ အဆောက်အအုံများ တည်ဆောက်ရာတွင် ရှေးရိုးရာ နည်းများသာအသုံးပြုသဖြင့် အုတ်များဖြင့်သာ မြေမာရှိသော နေရာတွင် အုတ်မြစ်မြေအဝင်ကို အတိုင်းအတာတစ်ခုအထိထားရှိ ၍ တည်ဆောက်လေ့ရှိပါသည်။ ရှေးအဆောက်အအုံများ၏ အဓိကအုတ်မြစ်တည်ရှိပုံမှာ အောက်ခံမြေသားအမာပေါ်တွင် သာမှီတည်နေရပါသည်။ ရွှေတိဂုံစေတီတော်ကြီးတည်နေပုံမှာလည်း ဤကဲ့သို့ပင်တည်ရှိမည်သာဖြစ်ပါသည်။ သို့ပါသောကြောင့် အဓိပတိ ကုန်းဟုအမည်တွင်သော သိင်္ဂုတ္တရကုန်းတော်၏ အောက်ခံမြေသား များပြောင်းလဲကျုံ့ကြွမှုမရှိစေရန် အရေးကြီးလှပါသည်။ ရန်ကုန်မြို့တစ်ဝန်း မြေအောက်ရေထုတ်ယူ သုံးစွဲမှု၊ ရွှေတိဂုံစေတီတော်ကြီး ဝန်းကျင်၌ ရုပ်ဒြပ်ပြောင်းလဲဖွံ့ဖြိုး မှုဟုခေါ်ဆိုနိုင်သော အဆောက် အအုံကြီးများတွင် မြေအောက် ထပ်များထည့်သွင်းဆောက်လုပ် မှုနှင့် စေတီတော်ကြီးနှင့် အနီး ကပ်ဆုံးသောဒေသ၌ အဆောက် အအုံများဆောက်လုပ်မှုများ ကြောင့် မြေကြီးအတွင်းသို့ စိမ့် ဝင်သင့်သောရေပမာဏ မစိမ့်ဝင် တော့ပါက ရွှေတိဂုံစေတီတော် ကြီးတစ်ဝိုက်ရှိ မြေအောက်ဂေဟ စနစ်ကိုထိခိုက်နိုင်ပါသည်။ မြေအောက်ဂေဟစနစ် စတင်ပျက်ယွင်းပါက အောက်ခံ မြေသားပြောင်းလဲကျုံ့ကြွမှု၊ ရွေ့ လျားမှုများဖြစ်ပေါ်ကာ ရွှေတိဂုံ စေတီတော်မြတ်ကြီး တည်တံ့ခိုင် မြဲရန်မှာ မတွေးဝံ့စရာဖြစ်လာပါ သည်။ ထို့အပြင် ရွှေတိဂုံစေတီ တော်ကြီးအနီးတစ်ဝိုက်ရှိ လူနေ ရပ်ကွက်များ၌လည်း အထပ်များ တိုးမြှင့် ဆောက်လုပ်နေခြင်း ကြောင့် လူဦးရေထူထပ်များပြား လာလျက်ရှိပါသည်။ ယခင်က သဘာဝအတိုင်းတည်ရှိခဲ့သော အစိုးရမြေများကို ထိန်းသိမ်းထား ခြင်းမရှိဘဲ လူနေစီးပွားရေး အဆောက်အအုံအများအပြား ဆောက်လုပ်ခွင့်ပြုလျက်ရှိကြောင်းလည်း တွေ့မြင်ရပါသည်။ ယင်းအခြေအနေများကြောင့် သိင်္ဂုတ္တရကုန်းမြေ၏ နဂို မူလဂေဟစနစ် မပျက်မယွင်းဘဲ တည်ရှိရန်မလွယ်ကူနိုင်တော့ပါ။ ခေတ်နှင့်အညီ ဖွံ့ဖြိုးပြောင်း လဲမှုရှိရန်လိုအပ်လှသော်လည်း မြန်မာနိုင်ငံသားများအတွက် အထွတ်အမြတ်ဖြစ်ပြီး တန်ဖိုး မဖြတ်နိုင်သည့် ရွှေတိဂုံစေတီ တော်ကြီးအဓွန့်ရှည်တည်တံ့မှု အနည်းငယ်မျှပင် ထိခိုက်စေနိုင် သောမည်သည့်အရာကိုမျှ စေတီ တော်ကြီးပတ်ဝန်းကျင်တွင်မပြု လုပ်သင့်ပါ။ ရွှေတိဂုံစေတီတော်ကြီး အဓွန့်ရှည်တည်တံ့စေရန်မှာ မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိပြီး ရွှေတိဂုံစေတီတော် ကြီးအား ရေရှည်ထိန်းသိမ်းနိုင် မည့်အစီအမံများ Conservation Management Plan ရေးဆွဲ၍ ကာကွယ်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းတင်ပြအပ်ပါသည်။ တစ်ချိန်က ဝတ္တကမြေ၊ နောင်တော့ ဗြိတိသျှကိုလိုနီနယ် ချဲ့စစ်ရုံးမြေ၊ နောင်တော့ မြန်မာ့ တပ်မတော်စစ်ရုံးမြေ၊ ယခုတစ် ဖန် အိမ်ရာစီမံကိန်းမြေအဖြစ်သို့ မြေအသုံးချမှု ဘဝအလီလီ ပြောင်းလဲခဲ့သည်ကို တွေ့မြင်ရ ၏။ နောက်ဆုံးတွင် ပတ်ဝန်းကျင် ရှိအိမ်ရာတည်ဆောက်မှုများနှင့် အတူ ဂေဟစနစ်ပါ အမြစ်ဖြို ပြောင်းလဲပြီး မြတ်ဗုဒ္ဓ၏ဆံတော် ရှင်ကိန်းဝပ်ရာကိုပင် ခြိမ်းခြောက် နေပြီဖြစ်ပါသည်။ လျစ်လျူရှုထား ပါက တစ်စတစ်စနှင့် မဇ္ဈိမဒေသရှိ နာလန္ဒကို ၁၁ ရာစုနှစ်က မီးရှို့ ဖျက်ဆီးခံရသည်ထက် အဆ ပေါင်းများစွာဆိုးရွားသောအနာ ဂတ်သာသနာညှိုးနွမ်းမှုနှင့်ကြုံ တွေ့လာနိုင်၏။ မူလဝတ္တကမြေ ကို ဝတ္တကမြေဘဝသို့ပင် ပြောင်းလဲပူဇော်နိုင်လျှင် ကောင်းမည်ဖြစ်ပါသည်။ နစ်နာမှုများကို မိမိငွေနှင့်စိုက်၍ လျော်နိုင်လျှင် လျော်ပေးလိုက်ချင်၏။ မည်သို့ဆိုစေရဟန်းရှင်လူ ပြည်သူအပေါင်းတို့ပူးပေါင်း အားထုတ်မှုဖြင့် ရွှေတိဂုံစေတီတော်ကြီးနှင့်တကွသိင်္ဂုတ္တရမည် အဓိပတိကုန်းမြေမဟီကို အကာအကွယ်ပေးခြင်းဖြင့် ပူဇော်သမှုပြုကြပါကုန်လော့ဟု ထပ်မံတိုက်တွန်းလိုက်ရပါသတည်း . . . ။ လှစုမြတ်(ဗိသုကာ)

No comments: