Sunday, April 5, 2015

အရေးပေါ်ကာလ ဖြစ်သောကြောင့် လက်ပတ်နီဝတ်များကို အဆင့်သတ်မှတ် ခေါ်ယူနိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပြောကြား ရန်ကုန်၊ ဧပြီ ၃



ဆန္ဒထုတ်ဖော်သူများကို လက်ပတ်နီဝတ်များ အသုံးပြုဖြိုခွဲရာတွင် အရေးပေါ်ကာလ
ဖြစ်သောကြောင့် လက်ပတ်နီ ဝတ်ဆင်မည့် လူများကို အဆင့်ခွဲခြား သတ်မှတ်ကာ ခေါ်ယူအသုံးပြုနိုင်ခြင်း မရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
“ဆန္ဒထုတ်ဖော်သူတွေကို ဖြိုခွဲတဲ့ နေရာမှာ ဥပဒေနဲ့အညီ လက်နက်ကိုင် မဟုတ်သော ပြည်သူများကို ခေါ်ယူသုံးစွဲပါတယ်။ အဲဒီလိုသုံးတဲ့ နေရာမှာလည်း အရေးကြီးကာလ ဖြစ်တာကြောင့် မည်သည့်ယောက်ျား လာရမည်၊ မည်သည့်ယောက်ျား မလာရဘူးလို့
အဆင့်သတ်မှတ်ချက်နဲ့ ရုတ်ခြည်းခွဲခြားခေါ်ယူလို့ မရပါဘူး” ဟု ၎င်းကဆိုသည်။
ဧပြီလ ၃ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၏ ဆန္ဒထုတ်ဖော်သူများကို ရုန်းရင်းဆန်ခတ်မှု လက်စွဲဥပဒေနှင့်အညီ လူစုခွဲရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ အရ မည်သို့သော သတ်မှတ်ချက်ဖြင့် စုစည်းပြီး ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်စေသည်ကို သိရှိလိုကြောင်း မေးမြန်းချက်ကို ၎င်းက ယင်းကဲ့သို့ ဖြေကြားခြင်း ဖြစ်သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်သူများကို အရပ်သားများ အသုံးပြုဖြေရှင်းခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများအရ မှန်ကန်မှု ရှိသော်လည်း ဖြေရှင်းရာတွင် စနစ်ကျမှု ထိခိုက်မှု နည်းစေခြင်းတို့ အားနည်းနိုင်ကြောင်း တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။
“ဒီလိုဖြေရှင်းတဲ့အခါမှာ အခု သိပ်မကြာသေးပါဘူး။ ဂျာနယ်တွေမှာလည်း မြင်ရတာတွေက မသင့်တော်ဘူးလို့ မြင်တယ်။ ဒါကြောင့် ထိခိုက်မှု အနည်းဆုံးနဲ့ စနစ်တကျ ဖြစ်အောင် ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ တာဝန်ပေးမလဲ၊ ဥပဒေမရှိရင် မူအရ သတ်မှတ်ချက်တော့ ရှိသင့်တာပေါ့” ဟု ၎င်းကဆိုသည်။
အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ရေး ကျောင်းသားသပိတ်များကို အစိုးရက အကြမ်းမဖက်ရေးအတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် တာဝန်လက်ပတ်ဝတ် အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ရိုက်နှက်ဖြိုခွဲပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သုံးဦးနှင့် ကျောင်းသားငါးဦး ဖမ်းဆီးထိန်းသိမ်းခံရသည်။
ယင်းသို့ လက်ပတ်နီပတ် အရပ်သားများ အသုံးပြုပြီး အင်အားသုံးဖြိုခွင်းမှုကို စုံစမ်းစစ်ဆေးရန် ၈၈ မျိုးဆက်ကျောင်းသားများက တောင်းဆိုခဲ့သော်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လက်ပတ်နီပတ် အရပ်သားများ အသုံးပြု ဆန္ဒထုတ်ဖော်သူများ ဖြိုခွင်းခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးရန်အတွက် စုံစမ်းရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတက မတ်လ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်က အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေး ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို မတ်လ ၃၁ ရက်နေ့က ပေးပို့ခဲ့သည်။
လက်ရှိ ပြဋ္ဌာန်းထားသော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၇ တွင် ဒု-ရဲအုပ်အောက် အဆင့်မနိမ့်သည့် ရဲအရာရှိသည် တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေး တစ်စုံတစ်ရာကို သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန် ရှိသော လူငါးဦး ဖြစ်စေ၊ ၎င်းထက်ပို၍ ဖြစ်စေ စုဝေးသည့် အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အလားတူ ပုဒ်မ ၁၂၈ တွင်လည်း မြန်မာနိုင်ငံ အရန်တပ် အက်ဥပဒေအရ လက်နက်ကိုင် မဟုတ်သူ မည်သည့်အမျိုးသားကို မဆို အကူအညီတောင်းနိုင်ပြီး ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲရမည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော် ယင်းဥပဒေ အပါအဝင်၊ အဆိုပါလုပ်ရပ်အပေါ် နိုင်ငံရေး လေ့လာသူများနှင့် အဖွဲ့အစည်း အသီးသီးက ကန့်ကွတ်ရှုတ်ချခဲ့သည်။

No comments: